ကမ္ဘာ့ကုန်သွယ်မှု ပြန်လည်ဦးမော့လာမည်ဖြစ်သော်လည်း ပြန်လည်ကျဆင်းနိုင်သည့် စွန့်စားရမှုများလည်း ရှိနိုင်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အစီရင်ခံစာက ခန့်မှန်းထား

Mon, 04/15/2024 - 05:15 -- wtodep

၂၀၂၃ ခုနှစ်တွင် လောင်စာဆီဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ကျဆင်းခဲ့သော ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ယခုနှစ်တွင် တဖြည်းဖြည်းမြင့်တက်လာမည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စီးပွားရေးပညာရှင်များက ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင် ခံစာအသစ်တွင် ခန့်မှန်းပြောကြားထားပါသည်။ ကမ္ဘာ့ကုန်စည်ကုန်သွယ်မှု ပမာဏသည် ၂၀၂၃ ခုနှစ် တွင် ၁.၂ % ကျဆင်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ၂.၆ %နှင့် ၂၀၂၅ ခုနှစ်တွင် ၃.၃ % တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။ သို့သော် ဒေသတွင်းအငြင်းပွားမှုများ၊ ပထဝီနိုင်ငံရေး အကြပ်အတည်းများနှင့် မတည်ငြိမ်သော စီးပွားရေးမူဝါဒများက အဆိုပါခန့်မှန်းချက်များကို ကျဆင်းစေနိုင်သည့် စွန့်စားရမှုများ ဖြစ်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က နောက်ဆုံးထုတ်ပြန်ခဲ့သည့် “၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ကုန်သွယ်မှုအလား အလာနှင့်စာရင်းဇယားများ” အစီရင်ခံစာအရ ယခုနှစ်အတွင်း ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ငွေကြေးဖောင်းပွမှု ဖိအားများ လျော့ကျနိုင်ပြီး  ထုတ်လုပ်မှုကုန်စည်များအား ပိုမိုဝယ်ယူအသုံးပြုနိုင်ကြမည်ဟု စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြပါသည်။

ကမ္ဘာ့ကုန်သွယ်‌ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala က ‌“ ကမ္ဘာ့ကုန်သွယ်မှု ပြန် လည်နလံထူလာရေး တိုးတက်မှုရရှိစေရန် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်မှုနှင့် တည်ငြိမ်မှုရှိစေရေးအတွက် ပထဝီနိုင်ငံရေးတင်းမာမှုနှင့်ပြန့်ကျဲနေသော ကုန်သွယ်မှုကဏ္ဍတို့ကြောင့် ဖြစ်ပေါ်လာသည့် စွန့်စားရမှုများ လျော့နည်းစေရန် အရေးကြီးပါကြောင်း” ပြောကြားခဲ့သည်။ 

လောင်စာဆီစျေးနှုန်း ကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုသည် ထုတ်လုပ်မှုကုန်စည် ၀ယ်လိုအားအပေါ် များစွာ အကျိုးသက်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ကုန်သွယ်မှုပမာဏကို ၁.၂ % ကျဆင်းစေခဲ့ ကြောင်း၊ တန်ဖိုးအားဖြင့် ကုန်စည်တင်ပို့မှုတွင် ၅ % ကျဆင်းကာ အမေရိကန်ဒေါ်လာ ၂၄.၀၁ ထရီလီ ယံ လျော့နည်းခဲ့ကြောင်း၊ သို့သော်ဝန်ဆောင်မှုကဏ္ဍ၌ ၉ % တိုးတက်ခဲ့ပြီး  ၇.၅၄ ထရီလီယံ ပိုမိုရရှိ ခဲ့သောကြောင့် ကုန်စည်ကုန်သွယ်မှု၏ ကျဆင်းမှုကို ခုနှိမ်နိုင်ခဲ့ကြောင်း၊ ဒေသအများစုတွင် သွင်းကုန် တန်ဖိုးလျော့နည်းခဲ့ပြီး အထူးသဖြင့်ဥရောပတွင် ပိုမိုသိသာကြောင်း၊ ခြွင်းချက်အနေဖြင့်  လောင်စာဆီ အမြောက်အများတင်ပို့သည့် နိုင်ငံများတွင်မူ သွင်းကုန်ပမာဏ တည်ငြိမ်နေကြောင်း၊ ၂၀၂၃ တစ်နှစ် လုံး၌ ကမ္ဘာ့ကုန်သွယ်မှုသည်  ကိုဗစ်ကူးစက်ရောဂါမတိုင်မီကာလအခြေအနေ အထက်သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ ငွေလဲလှယ်နှုန်းအရ ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်လုပ်မှု တိုးတက်မှုသည် လာ မည့် ၂ နှစ်အတွင်း တည်ငြိမ်မှုရှိလာနိုင်ပြီး ၂၀၂၄ ခုနှစ်တွင် ၂.၆ % နှင့် ၂၀၂၅ ခုနှစ်တွင် ၂.၇ % ရှိလာ မည်ဟု အစီရင်ခံစာ၌ ခန့်မှန်းဖော်ပြထားသည်။

ကမ္ဘာ့ကုန်သွယ်မှု ပြန်လည်ကျဆင်းစေနိုင်သည့် စွန့်စားရမှုများ

ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် မရေရာမသေချာသောမူဝါဒများက ကုန်သွယ်ရေးပြန်လည် ဦးမော့စေ ရန် ကန့်သတ်ချက်များ ဖြစ်လာနိုင်ကြောင်း၊ ပထဝီနိုင်ငံရေးဖြစ်ရပ်များကြောင့် စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းများ ဆက်လက်ကြီးမြင့်နေမည်ဖြစ်ကြောင်း၊ ပင်လယ်နီပဋိပက္ခကြောင့် ထိခိုက် မှုများသည် ယခုအချိန်ထိ နည်းပါးသည်ဟု ဆိုသော်လည်း မော်တော်ယာဉ် ထုတ်ကုန်များ၊ ဓါတ်မြေ ဩဇာများနှင့် လက်လီရောင်းချမှုကဲ့သို့သော ကဏ္ဍအချို့တွင် သယ်ယူပို့ဆောင်ခတိုးမြင့်မှုနှင့်အချိန် ကြန့်ကြာမှုတို့ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံတွင် ဖော်ပြထားပါသည်။

ပထဝီနိုင်ငံရေးတင်းမာမှုများသည် ကုန်သွယ်မှုပုံစံများကို ထိခိုက်သည်ဟု ဆိုနိုင်သော်လည်း ကမ္ဘာပြုမှု ဖြစ်စဉ်ကို ပြိုကွဲသည်အထိ သက်ရောက်မှုမရှိနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် စံချိန်တင်အမြင့်ဆုံး ရောက် ရှိခဲ့သည့် အမေရိကန်-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်တွင် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုထက် ၃၀% လျော့နည်းခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် လောင်စာဆီ မဟုတ်သော ကြားအဆင့်ကုန်စည်များကုန်သွယ်မှုသည် ၆ % ကျဆင်းခဲ့ကြောင်း အစီရင်ခံတွင် ဖော်ပြ ထားသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Organisation for Economic Co-operation and Development) နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တို့၏ ခန့်မှန်းချက်များအရ ဝန်ဆောင်မှု ကုန်သွယ်ရေးတွင် အပိုင်းလိုက် ဆောင်ရွက်မှုများဖြစ်လာနိုင်ကြောင်း၊ ဥပမာ - အမေရိကန်က သတင်း အချက်အလက်နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများကို မြောက်အမေရိက ကုန်သွယ်ဖက်နိုင်ငံများ (အဓိကအားဖြင့် ကနေဒါ) မှ တင်သွင်းမှုသည် ၂၀၁၈ ခုနှစ်တွင် ၁၅.၇ % မှ ၂၀၂၃ ခုနှစ်တွင် ၂၃ % ထိ တိုးတက်ခဲ့သော်လည်း အာရှကုန်သွယ်ဖက်နိုင်ငံများ (အဓိကအားဖြင့် အိန္ဒိယ) မှ တင်သွင်းမှုမှာ ၂၀၁၈ ခုနှစ်တွင် ၄၅.၁ % မှ ၂၀၂၃ ခုနှစ်တွင် ၃၂.၆ %သို့ ကျဆင်းခဲ့ကြောင်း၊ ထို့ပြင် ပထဝီနိုင်ငံရေးသဘော ထားများအရ သတင်းအချက်အလက်စီးဆင်းမှု မူဝါဒများကြောင့် ကမ္ဘာ့ကုန်စည်နှင့်ဝန်ဆောင်မှုကုန် သွယ်မှုသည် ၁.၈ % နှင့် ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်လုပ်မှုကို ၁ % ကျဆင်းနိုင်ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စီးပွားရေးပညာရှင်အကြီးအကဲ Ralph Ossa က အစိုးရအချို့သည် ထုတ် လုပ်မှုများကို ပြည်တွင်းသို့ ပြန်လည်ရွှေ့ပြောင်းပြီး မိတ်ဖက်နိုင်ငံများကိုသာ ရောင်းချလိမ့်မည်ဖြစ် ကြောင်း၊ ကမ္ဘာ့အဓိကရေကြောင်းလမ်း ၂ ခုဖြစ်သည့် ပနားမားတူးမြောင်းနှင့် ပင်လယ်နီတို့တွင်         အနှောက်အယှက်များ ဖြစ်ပေါ်နေမှုကလည်း ကုန်သွယ်မှု၏ကြံ့ခိုင်နိုင်စွမ်းကို စမ်းသပ်နေကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်းကုန်သွယ်မှုအလားအလာ

လက်ရှိအခြေအနေများအတိုင်း ဆက်လက်ရှိနေပါက ၂၀၂၄ ခုနှစ်တွင် အာဖရိကတိုက်သည် အခြား ဒေသများထက် ၅.၃ % ပိုမိုတင်ပို့နိုင်မည်ဖြစ်သည်။ လွတ်လပ်သော ဓနသဟာယနိုင်ငံများသည်  ယူကရိန်းစစ်ပွဲအကျိုးဆက်ကြောင့် ပို့ကုန်များ ရုတ်တရက်ထိုးကျပြီးနောက် မျှော်မှန်းတိုးတက်မှု ထက် ၅.၃ % လျှော့ကျမည်ဖြစ်ပါသည်။ ပို့ကုန်တိုးတက်မှုတွင် မြောက်အမေရိကသည် ၃.၆ % ၊ အရှေ့အ လယ်ပိုင်းသည် ၃.၅ %၊ အာရှသည် ၃.၄ % ဖြင့် အလယ်အလတ်အဆင့်တွင် ရှိမည်ဖြစ်ပြီး တောင်အမေ ရိကသည် ၂.၆ % နှင့် ဥရောပသည် အခြားဒေသများထက် နောက်ကျကာ ၁.၇ %  တိုးတက်မည်ဟုဆို ပါသည်။

သွင်းကုန်ပမာဏ တိုးတက်မှုတွင် အာရှသည် ၅.၆ % ၊ အာဖရိကသည် ၄.၄ %၊ တောင်အမေရိကသည် ၂.၇ % ၊ အရှေ့အလယ်ပိုင်းသည် ၁.၂ % ၊ မြောက်အမေရိကသည် ၁. % ၊ ဥရောပသည် ၀.၁ % နှင့် လွတ်လပ်သော ဓနသဟာယနိုင်ငံများသည် (-၃.၈) % ရှိမည်ဖြစ်ပါသည်။ ဖွံ့ဖြိးမှုအနည်းဆုံးနိုင်ငံများ ၏ ကုန်စည်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ၄.၁ % ကျဆင်းခဲ့ရာမှာ ၂၀၂၄ ခုနှစ်တွင် ၂.၇ % နှင့် ၂၀၂၅ ခုနှစ်မတိုင်မီအထိ ၄.၂ % ထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ၏ သွင်းကုန်တွင် ၂၀၂၃ ခုနှစ်က ၃.၅ % ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ၆.၀ % နှင့် လာမည့်နှစ်တွင် ၆.၈ % ထိ တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။

ဝန်ဆောင်မှုကုန်သွယ်ရေး

၂၀၂၃ ခုနှစ်၌ ကမ္ဘာ့ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကျဆင်းခဲ့သော်လည်း စီးပွားရေး ဝန်ဆောင်မှုလုပ်ငန်းများ ၉ % ထိတိုးတက်ခဲ့သည်။ ၂၀၂၄ ခုနှစ် နွေရာသီတွင် ဥရောပ၌ကျင်းပမည့် အားကစားပွဲများအတွက် နိုင်ငံအများအပြားမှ ဗီဇာလိုအပ်ချက်များကို ဖြေလျှော့ပေးခြင်းကြောင့် ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းနှင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်တိုးတက်မည်ဟု မျှော်မှန်းထား သည်။ ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်နည်းပညာဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးပို့ကုန်သည်  ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄.၂၅ ထရီလီယံအထိမြင့်တက်လာပြီး ကမ္ဘာ့ကုန်စည်နှင့် ဝန်ဆောင်မှုများ တင်ပို့မှု ၏ ၁၃.၈ % ထိ ရောက်ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၏ ဝန်ဆောင်မှုကုန်သွယ်ရေး ပမာဏတွင် ကျွမ်းကျင် ပညာရှင်၊ စီမံခန့်ခွဲမှု၊ တေးဂီတ နှင့် ဗီဒီယိုများ၊ အွန်လိုင်းဂိမ်း၊ အဝေးသင်ပညာရေးစသည့် ဝန်ဆောင်မှု ကုန်သွယ်ရေးသည် ကိုဗစ် ၁၉ ကပ်ရောဂါကာလမတိုင်မီကထက် ၅၀% ကျော်လွန်ခဲ့ပါသည်။

ကမ္ဘာ့ဈေးကွက်ဝေစု၏ ၅၂.၄ %နှင့် ၂၃.၈ % အသီးသီးပိုင်ဆိုင်ထားသော ဥရောပနှင့်အာရှတို့၏ ဝန် ဆောင်မှုပို့ကုန်သည် ၁၁ % နှင့် ၉ % တက်ခဲ့ပြီး အာဖရိကတွင် ၁၃ %၊ တောင်အမေရိက၊ အမေရိက အလယ်ပိုင်းနှင့် ကာရေဘီယံတို့တွင် ၁၁ % တိုးတက်ခဲ့ပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို စုစည်းမှုအသစ် ပြုလုပ်ထားသည့် Global Services Trade Data Hub ကို စတင်ထုတ်လွှင့်နေပြီး ၎င်းမှ တဆင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုအပါအဝင် ဝန်ဆောင်မှုကုန်သွယ်ရေး၏နှစ်များစွာအတွင်း အဆင့်မြှင့်တင်ခဲ့မှုများ၊ဒီဂျစ်တယ်နည်းဖြင့် ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ နောက်ဆုံးခန့်မှန်းချက်များကို ဒေါင်းလုပ်ရယူ၍ ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ် ပါသည်။

ရင်းမြစ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့

 WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages