ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီမျိုးဥ(ဇော်မွှား) စိုက်ခင်းများ လှိုင်လှိုင်တူးဖော်လျက်ရှိ

Mon, 04/29/2024 - 02:15 -- dotadmin

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ အနောက်ပိုင်း ရွာသစ်ရပ်ကွက် နှင့် ကိုးတောင့်၊ အောက်ဆိပ်အုပ်စုနှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ယောချောင်း၊ ချစ်ချောင်းနံဘေး ရှိ ကျေးရွာများတွင် ကြက်သွန်နီသီးနှံကို မိုးစိုက် (ဥစိုက်)၊ ဆောင်းစိုက် (ပင်စိုက်) မျိုးစေ့အနှံယူ စိုက်ခင်းများအပြင် မျိုးစေ့မှ တစ်ဆင့် မျိုးဥယူ (ဇော်မွှား) စိုက်ခင်းများကို ဒေသတွင်းရှိ တောင်သူ များမှာ တစ်ပိုင်တစ်နိုင် အဖြစ်လည်းကောင်း စီးပွားဖြစ်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် က ကြက်သွန်နီ မျိုးဥ (ဇော်မွှား) စိုက်ဧက ၁၀၀ ခန့် စိုက်ပျိုးခဲ့ရာ ယခုနှစ်၌ ကြက်သွန်နီ မိုးစိုက် (ဥစိုက်) စိုက်ပျိုးချိန်တွင် ဈေးကွက်ဝယ်လိုအား ကောင်းမွန်ခြင်းကြောင့် ကြက်သွန်နီများ အရောင်းအဝယ် ဖြစ်၍ မျိုးဥဈေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် ကြက်သွန်နီမျိုးဥ (ဇော်မွှား) စိုက်ဧက ၁၅၀ ခန့်အထိ ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

စိုက်ပျိုးမှုအနေဖြင့် မြစ်ချောင်းတစ်လျှောက်ရှိ သဲနုန်းမြေများတွင် အများဆုံးစိုက်ပျိုးကြပြီး အစေ့ကြဲပက်၍ ရေဖျန်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ပျမ်းမျှ ပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ကြက်သွန်နီ မျိုးဥ (ဇော်မွှား) တစ်ပိဿာ လျှင် ၄,၀၀၀-၄,၅၀၀ ကျပ် ပေါက်ဈေးဖြင့် ဒေသတွင်း၌ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ တစ်ဧကလျှင် ကျပ်သိန်း ၄၀ ခန့် ကုန်ကျကာ အကျိုးအမြတ် အနေဖြင့် ကျပ်သိန်း ၂၀ ခန့် ရရှိ ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကြက်သွန်နီသည် အခြားသီးနှံများအနက် တွက်ချေကိုက်သော သီးနှံတစ်မျိုးဖြစ်ရာ ကြက်သွန်နီ မျိုးဥ(ဇော်မွှား)စိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် ကြက်သွန်နီဈေးကွက်ကောင်းမွန်ပြီး ဈေးကွက်ခိုင်မာမှု ရှိပါက အကျိုးအမြတ်များစွာရရှိသည့်အပြင် မျိုးစေ့မှတစ်ဆင့် မျိုးဥယူခြင်းဖြစ်၍ (နွေ) ကြက်သွန်နီ ဥစိုက်စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကွက်ဝင် ကြက်သွန်ဥများ ရရှိခြင်းကြောင့် တောင်သူများအနေဖြင့် နှစ်စဉ်မပြတ် စိုက်ပျိုးကြကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages