ပွင့်ဖြူမြို့နယ်၌ မုန်လာဥနီများ စတင်တူးဖော်လျက်ရှိ

Mon, 04/29/2024 - 02:20 -- dotadmin

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ရှိ ရွာသာကုန်း၊ ပေါက်စု၊ ချွန်းစု စသည့် ကျေးရွာများတွင် မြေအောက်ရေကို အသုံးပြု၍ မုန်လာဥနီများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ လျက်ရှိရာ ယခုနှစ်တွင် အပင်များ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် ဈေးကောင်းရလျက်ရှိ ကြောင်း သိရသည်။

မုန်လာဥနီကို အပူအအေးမျှတသောဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး အေးသော ဒေသများနှင့် မြေဩဇာကောင်းသောမြေပွများတွင် အပင်များ ပိုမိုအောင်မြင်ဖြစ်ထွန်းလွယ်ကြောင်း၊ မုန်လာဥနီ အထွက်နှုန်းမှာ ရာသီဥတုနှင့် မြေအမျိုးအစား အပေါ်လိုက်၍ ကွာခြားမှုရှိကြောင်း၊ ပွင့်ဖြူဒေသ၌ မုန်လာဥနီ စိုက်ပျိုးရာတွင် ဘောင်ဖော်၍ မျိုးစေ့ချပြီးစိုက်ပျိုးကြကြောင်း၊ ဖေဖော်ဝါရီ လဆန်းတွင် စတင်စိုက်ပျိုးပြီး အပင်သက်တမ်း နှစ်လခွဲခန့်အကြာ ဧပြီလတွင် မုန်လာဥနီများကို စတင်တူးဖော်ရကြောင်း၊ မုန်လာဥနီတွင် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ဗီတာမင်နှင့်သတ္တုဓာတ်များစွာ ပါရှိကာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိစေသောကြောင့်ဈေးကွက်၌ အရောင်းသွက် လျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် စတင်တူးဖော်ချိန် ဧပြီလ၊ဒုတိယပတ်တွင် မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၂,၅၀၀ ခန့်ဈေးနှုန်းဖြင့်လည်းကောင်း၊ ဧပြီလ၊စတုတ္ထပတ်တွင် မုန်လာဥနီ အကြီး၊ အသေး ပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၂,၅၀၀-၃,၀၀၀ ဖြင့်လည်းကောင်း အ‌ရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ပွင့်ဖြူမြို့နယ်ထွက် မုန်လာဥနီများကို စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ စကု၊ ချောက်၊ မကွေးမြို့တို့သို့   တင်ပို့ရောင်းချလျက်ရှိပြီး တောင်သူများ အနေဖြင့် သင့်တင့်မျှတသော အကျိုးအမြတ်များရရှိကြောင်း မုန်လာဥနီစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages